လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများ ပိုမိုသိရှိနိုင်ရေး အသိပေးနှိုးဆော်မှုများ ဆက်လက် ဆောင်ရွက်

လွိုင်ကော်  စက်တင်ဘာ ၁၅

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေး အသိပေး နှိုးဆော်မှုများအား ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့ စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် လွိုင်‌ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာသောကြောင့်  မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှ လာသောဧည့်သည်များအား လက်မခံပါရန်၊ အရေးကြီး ကိစ္စကြောင့် ပြင်ပသို့သွားလာရပါက ပါးစပ်၊နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်း ဈေးရောင်းဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်စုံတစ်ရာကိုင်တွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်ကို ဆေးကြော ခြင်းမပြုဘဲပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ မိမိနေထိုင်ရာ အခန်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျစွန့်ပြစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေးပန်ကြားချက်များကို မိဘပြည်သူများအနေ့ဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို တိုက်တွန်း နှိုးဆော်ခဲ့သည်။

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ ဇွန်လ (၂၉) ရက်နေ့မှ စက်တင်ဘာလ (၁၄) ရက်နေ့အထိ ဓါတ်ခွဲ အတည်ပြုလူနာစုစုပေါင်းမှာ (၂၆၅၉)ဦးရှိပြီး၊ ပြန်လည် ကျန်းမာလာသူ စုစုပေါင်း (၂၁၅၅) ဦးရှိကာ ပိုးတွေ့သေဆုံးသူ စုစုပေါင်း(၁၀၆) ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

 စိုးလှိုင်ဌေး