သထုံတွင် အများပြည်သူ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေ မှုအား ကြည့်ရှုအားပေး

သထုံ စက်တင်ဘာ ၁၅

 

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ်များအတွင်း အရေးပေါ် အောက်ဆီဂျင် ရရှိရေး အထောက်အကူ ပြုနိုင်ရေးအတွက် သထုံမြို့ရှိ အနှိုင်းမဲ့မေတ္တာ သွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံသစ် စက်တပ်ဆင်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှတာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုကာ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 

‌အောက်ဆီဂျင်စက်ရုံ လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်‌မောင်မောင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုရာ အနှိုင်းမဲ့မေတ္တာသွေးနှင့် အောက်ဆီဂျင် အခမဲ့ကူညီရေး အသင်း ဥက္ကဋ္ဌ ဦးမိုးကျော်သူက အောက်ဆီဂျင်စက်ရုံသစ် တည်ဆောက်ရသည့်ရည်ရွယ်ချက်၊ စက်တပ်ဆင်နေ သည့် အခြေအနေ၊ စက်မှ အောက်ဆီဂျင်ထုတ်လုပ်နိုင်မည့်ပမာဏနှင့် သထုံခရိုင် အတွင်းရှိ လူမှုကူညီရေးအသင်းများ ပြည်သူ့ဆေးရုံများ၊ အနီးဝန်းကျင်ဒေသများရှိပြည်သူ့ဆေးရုံများ၊ ရပ်ရွာအတွင်းရှိ ပရဟိတအဖွဲ့များ အောက်ဆီဂျင်လိုအပ်သူများတို့ထံ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ အောက်ဆီဂျင်စက်မှာ အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်း၏ မတည်မှုဖြင့် အနယ်နယ်အရပ်ရပ်မှ အများပြည်သူထည့်ဝင်လှူဒါန်းမှုတို့ဖြင့် တည်ဆောက်သည့် 80Nm3 PSA type Oxygen Plant ဖြစ်ပြီး ၂၄ နာရီစက်စွမ်းအားပြည့် လည်ပတ်ပါက ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၂၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း မကြာခင်ရက်ပိုင်းအတွင်း ထုတ်လုပ်ပေးနိုင်တော့မည်ဖြစ်ကာ အရေးပေါ်အောက်ဆီဂျင်လိုအပ်သူမည်သူမဆို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်