ညောင်ဦး ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများစိစစ်ခြင်းအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးမင်းသန်းက လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်းစိစစ်ခြင်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များအား တက်ရောက်လာကြသော ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်ပါဝင်သည့် ဌာနဆိုင်ရာများနှင့်လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းတွင် ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနေမျိုးဝင်းက ညောင်ဦးခရိုင်အတွင်းတွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ စိစစ်ရမည်ဖြစ်ကြောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကို စိစစ်မှာဖြစ်ပြီး ကိုယ်စားလှယ်အရည်အချင်းပြည့်စုံမှု ရှိ/မရှိ စနစ်တကျစိစစ်ရန်ဖြစ်ကြောင်း ပြောကြာ းသည်။
ညောင်ဦးခရိုင်အတွင်းရှိ နိုင်ငံရေးပါတီ (၆) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၀) ဦး တက်ရောက်ကာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၄) နေရာ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၀) ဦးတို့၏ အမည်စာရင်းတင်သွင်းလွှာများအား စိစစ်ကြကြောင်း သိရသည်။
ကျော်မင်းဦး (ရေနံချောင်း)