ဖားဆောင်း စက်တင်ဘာ ၁၅
ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ကိုဗစ်ကာလအတွင်း လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈နာရီ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်တင်မိုးသက် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊နေ့စဉ် သောက်သုံးရန် သံဓါတ်အားဆေးပြားများပေးဝေခြင်း၊ သွေးအားနည်းခြင်းရှိမရှိ စစ်ဆေးပေးခြင်း၊ ဆစ်ဖလစ်ရောဂါအတွက် သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန်ပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော(ရိုကာဗိုင်းရပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီဗွီစီ)ထိုးနှံပေးခြင်း၊ ပိုလီယိုကာကွယ်ဆေးများ တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်တွင် လစဉ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ကျေးရွာများရှိ သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နန်းသဲနုအောင်