ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲပြုလုပ်

 

ကျောက်ဖြူ  စက်တင်ဘာ  ၁၅

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာရှိ အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် နာရီအချိန်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

 

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်မျိုးမှ ကျောက်ဖြူခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်တွေ့ဆုံ၍ ကျောက်ဖြူမြို့နယ်အတွင်းရှိ ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီသိရှိစေရေး နှိုးဆော်ဆောင်ရွက်ပေးရန်နှင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မွေးရာပါနိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသားများအား ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးကိုရရှိရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် နေမှုကို ပြည်သူများသိရှိစေရန်၊ နိုင်ငံတော်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်မည်ဆိုပါက ကျောင်းများအား ကျောင်းတွင်း/ကျောင်းပြင် သန့်ရှင်းသာယာလှပပြီး ကျောင်းဥပဓိ ရုပ်ကောင်းမွန်စေရေးဆောင်ရွက်ထားရှိကြရန်၊ ဌာနဆိုင်ရာအချင်းချင်းပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန်နှင့် ဌာနအတွင်းလိုအပ်ချက်များကို အချိန်မီတင်ပြကြရန်ပြောကြားခဲ့သည်။

 

အဆိုပါတွေ့ဆုံပွဲကို တက်ရောက်လာကြသော ကျောက်ဖြူခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဆရာဝန်ကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာ မကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်/မြို့နယ်ဦးစီးမှူးများ၊  လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနမှ ခရိုင်/မြို့နယ်ဦးစီးမှူးတို့မှ မိမိတို့ဌာနများတွင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားတင်ပြကြရာ လူမှုရေးဝန်ကြီးမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်းသိ ရသည်။

 

တင်ထွန်းဦး