လက်ပံတန်း၌ အသက် (၅၅) နှစ်မှ (၆၄)နှစ်အတွင်းရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်(ပထမ)အကြိမ် စတင်ထိုးနှံပေး

လက်ပံတန်း စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများအား  ယနေ့ နေ့လယ် ၁ နာရီက စတင်၍ ၂ လမ်း ခန်းမတွင် ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်(ပထမ)အကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ကာကွယ်ဆေး ထိုးစုရပ်အသီးသီးတွင်  သတ်မှတ်ရက်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ဦးတည်အုပ်စုများမှာ အသက် (၅၅)မှ (၆၄)နှစ် အထိ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါရှိသူများ၊  EAOs စသည့် ဆေးမထိုးရသေး သည့် သူများအား ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်‌ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်ကို ဦးစားပေး အစီအစဉ်အလိုက် လူဦးရေ (၁၄၄၄၆)ဦးရေအနက် ပထမအကြိမ် ဦးတည်သတ်မှတ်ဦးရေ (၅၇၈၀)ဦးအား ဆေးထိုးစုရပ်များတွင် အဖွဲ့(၁၀)ဖွဲ့ဖြင့် ထိုးနှံပေးသွား မည်ဖြစ်ပြီး ဆေးရရှိမှု အပေါ်မူတည်၍ ဦးစားအစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်‌ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ဝင့်နန္ဒာဌေး