မြန်မာ့သစ်လုပ်ငန်း၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြုခရီးသွားလုပ်ငန်း (ECBT)စခန်းများအတွက် The Nature Conservancy Myanmar က ဆင်ထိန်းသိမ်းရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

ညောင်ဦး   ဩဂုတ်  ၁၄

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားရှိသည့် ဆင်စခန်း (၂၁) ခုရှိ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်း (၄၈၄)ဦးအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အထောက်အကူဖြစ်စေရေးအတွက် ဆင်ထိန်းသိမ်းရေးစောင့်ရှောက် ရေးဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀ ထောက်ပံ့ပေးခြင်းအား သက်ဆိုင်ရာဆင်စခန်းအသီးသီးတွင် ယနေ့ထောက်ပံ့ပေး အပ်ခဲ့ကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ပြောကြားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဆင်ထိန်းသိမ်းရေးဝန်ထမ်းများ အထောက်အကူဖြစ်စေရန် မြန်မာ့သစ်လုပ်ငန်း၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြုခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်းများအတွက် The Nature Conservancy (TNC) က ဆင်ထိန်းသိမ်းရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။ စီးပွားရေးကဏ္ဍတွင် ပိုမို၍အမျိုးအစားစုံလင်ကြွယ်ဝစွာဆောင်ရွက်နိုင်ရေးကို အားဖြည့်ပေးနိုင်သော ကူးသန်းရောင်းဝယ်မှုဆိုင်ရာအခွင့်အလမ်းများအား ဖော်ဆောင်နိုင်သည့်အပြင် တာဝန်ယူမှုတာဝန်ခံမှုရှိသည့် စီးပွားရေး စီမံကိန်းတစ်ရပ် ပုံဖော်ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နေ့သည့် The Nature Conservation Myanmar သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ မြန်မာ့သစ်လုပ်ငန်း Elephant Conservation Based Tourism(ECBT) စခန်း (၂၁) ခုရှိ ဆင်ကောင်ရေ (၉၁) ကောင်နှင့် ဝန်ထမ်း (၄၈၄) ဦးအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အထောက်အကူဖြစ် စေရေးအတွက် ၃၃၀၁၀၀၀၀/- (ကျပ် သုံးရာသုံးဆယ်သိန်းတစ်သောင်းတိတိ)အား The Nature Conservancy Myanmar မှကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရပြီး ဆင်ထိန်းသိမ်းရေးဝန်ထမ်းတစ်ဦးလျှင် ကျပ်လေးသောင်းထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်းသိရကာ မြိုင်ဟေဝန်ဆင်စခန်းရှိ ဆင် (၃၁) ကောင်နှင့် ဆင်ဝန်ထမ်း (၄၇) ဦးအားလည်း ဆက်လက်ကူညီထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ငလိုက်ဆင်စခန်း၊ ဝဲမဆင်စခန်း၊ ပျားစွဲဆင်စခန်း၊ နတ်ပါက်ဆင်စခန်း၊ မိုးမခဆင်စခန်း၊ ဖိုးကျားဆင်စခန်း၊ ဝင်္ဂဘောဆင်စခန်း၊ မှော်ယောကြီးဆင်စခန်း၊ ဒီးဒုတ်ဆင်စခန်း၊ ပလင်းကမ်းသာယာဆင်စခန်း၊ ငွေဆောင်ဆင်စခန်း၊ တလယ်နယ်ဆင်စခန်း၊ မြိုင်ဟေဝန်ဆင်စခန်း၊ နတ်မှော်ဆင်စခန်း၊ ရှမ်းရိုးမဆင်စခန်း၊ ခိုင်ကမ်းဆင်စခန်း၊ ရွှေစက်တော်မန်းချောင်းဆင်စခန်း၊ ဗောဓိတစ်ထောင်ဆင်စခန်းနှင့် ဇလုံတောင်ဆင်စခန်းများအား တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားရှိသော ဆင်စခန်းများဖြစ်ကြောင်း သိရသည်။

ကိုထိန်၊KPD