လက်ပံတန်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး အသိပညာပေး နိုးဆော်ခြင်းနှင့် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ပြည်သူများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးအခမဲ့စစ်ဆေး ပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီမှ စတင်၍ မင်းရပ် ရပ်ကွက်ဆရာစံလမ်း သွယ် (၉)လမ်း၊ (၈)လမ်း၊ (၁၀) လမ်းတို့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး အသိပညာပေးနိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား အသံချဲ့စက် ဖြင့် လိုက်လံနိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင့် မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိသော ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinophram) ကိုမဖြစ်မနေထိုးနှံကြရန်နှင့် ကိုဗစ် ရောဂါပိုး ပြန့်နှံ့နေမှု့ အခြေအနေကို အမြန်ဆုံးထိမ်းချုပ်နိုင်ရန် ရပ်ကွက် ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက် ရောဂါ ရှာဖွေရေးအဖွဲ့မှ RDT test kit ဖြင့် ရောဂါကူးစက်ခံရမှု့ ရှိမရှိ စစ်ဆေးလာရောက်စစ်ဆေးပါက စစ်ဆေးမှု့ ခံယူခြင်းဖြင့် အားလုံးပူးပေါင်းပါဝင်ကူညီကြပါရန် အသိပေးနိုးဆော်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး အသိပညာပေး နိုးဆော်ခြင်းနှင့် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့စစ်ဆေးခြင်းကို ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး (ပြန်/ဆက်)