ဖားဆောင်း စက်တင်ဘာ ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှုနှင့် ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက် ပြတ်တောက်နိုင်ရေးစသည့် အသိပညာပေးခြင်းကို ယနေ့နံနက်(၁၀)နာရီမှ စတင်၍ တောင်ပေါ်ကျေးရွာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရွှေပြည်သို့လူမှုကူညီရေးအသင်းနှင့် Volunteer များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး ဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး အချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများကြောင့် သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်းနှင့် ယမန်နေ့ကလည်း ဖားဆောင်းမြို့တွင်း လမ်းများနှင့် စုစည်းကျေးရွာတို့တွင်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဖားဆောင်းမြို့နှင့် မော်ချီးဒေသအတွင်းတွင် ဇွန်လ(၂၉)ရက်နေ့မှ စက်တင်ဘာလ(၁၄)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း(၇၈၉)ဦး၊ သေဆုံးသူ(၈)ဦး၊ (တစ် ဦးလွိုင်ကော်ပြည်သူ့ဆေးရုံတွင်သေဆုံး)၊ ဆေးရုံဆင်းခွင့်ရရှိသူ(၆၂၅)ဦး၊ ဆေးကုသမှုခံယူသူ(၁၅၆)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)