လွိုင်ကော်မြို့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် Quarantine ဝင်ရောက်နေသူများအား ပြည်နယ်အစိုးရအဖွဲ့မှ ကျွေးမွေးလှူဒါန်း

လွိုင်ကော် စက်တင်ဘာ ၁၆

ကယားပြည်နယ်အတွင်း ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၄၇) ဦးထပ်မံတွေ့ရှိရာ ယနေ့ထိ အတည်ပြုလူနာစုစုပေါင်း (၂၆၅၉) ဦး၊ ဆေးရုံဆင်းလူနာ (၂၁၅၅)ဦးရှိပြီး ပိုးတွေ့လူနာများကို လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၊ Positive Medical Centre များတွင်  ထားရှိကုသပေးလျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့မှ အဆိုပါ Quarantine ဝင်ရောက်နေသူလူနာများအား နံနက်စာ၊ နေ့လယ်စာ၊ ညစာဖြင့် တစ်ရက်(၃)ကြိမ် လှူဒါန်းကျွေးမွေးလျက်ရှိသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဩဂုတ်လဆန်းမှ စတင်၍ ယနေ့အထိ Positive လူနာများ Quarantine ဝင်ရောက်နေသူများအား ပြည်နယ်ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်း၊ လွိုင်ကော်ပညာရေး ကောလိပ်နှင့် အိမ်တွင်းမှုသင်တန်းကျောင်းတွင် တစ်ရက်(၃)ကြိမ်၊ တစ်ဦးလျှင် တစ်ရက်  (၄၅၀၀) ကျပ် နှုန်းဖြင့် လှူဒါန်းကျွေးမွေးလျက်ရှိသည်။

ယနေ့အထိ စုစုပေါင်း လူဦးရေ(၄၀၀)ဝန်းကျင်ကို ကျွေးမွေးစောင့်ရှောက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။ ဆက်လက်၍ လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေသန္တရဆေးခန်းတွင် နေ့စဉ်ထိုးနှံပေးလျက်ရှိပြီး ကယားပြည်နယ်အတွင်း မည်သူမဆို အခမဲ့ လာရောက်ထိုးနှံနိုင်ကြောင်း သတင်းရရှိ သည်။

ခရိုင်(ပြန်/ဆက်)