ပေါက်ခေါင်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ပန်းခင်းစီမံချက်အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်ရက်နေ့က ပြည်-တောင်ငူ ကားလမ်းမကြီးတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူအားလုံး အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေအရ ကိုင်ဆောင်သင့်သော နိုင်ငံသားစီစစ်ရေးကတ် ရရှိကိုင်ဆောင်နိုင်ရေးအတွက် ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းကို အသိပညာပေး ဖော်ပြထားကြောင်း ပန်းခင်းစီမံချက်၏ အိမ်ထောင်စု လူဦးရေစာရင်း လျောက်ထားရာတွင် လိုအပ်သော အထောက်အထားများနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြား လျောက်ထားရာတွင် လိုအပ်သော အချက်အလက်များ၊ လိုက်နာရမည့် စည်းကမ်းချက်များပါဝင်သည့် လက်ကမ်းစာစောင်အား ဒေသခံ ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်စိုးက ပြောကြား သည်။
ဒေသခံပြည်သူများအနေဖြင့် လူမှုဘဝပြည့်စုံရန်အတွက် ဥပဒေအရ ကိုင်ဆောင်သင့်သော နိုင်ငံသားကတ်ကိုင်ဆောင်နိုင်ရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း ရရှိရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် လာရောက် လျောက်ထား နိုင်သလို နယ်လှည့်ကွင်းဆင်း ပြုလုပ်ပေးသည့်အခါများတွင်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ဥမ္မာကျော်