ထန်းတပင်(ပဲခူး) စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးအား ပညာရေး ဝန်ထမ်းမိသားစုများနှင့် Volunteer များအား ယနေ့ နံနနက်ပိုင်းက မြို့နယ်သီရိမင်္ဂလာခန်းမ၌ ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပညာရေးဝန်ထမ်းမိသားစုများနှင့် Volunteer (၉၄) ဦးအား ထိုးနှံပေး လျက်ရှိပြီး ယခုထိုးနှံ ပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (SINOVAC) အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံး လျှင် လူ(၂)ဦး ထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါ ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှမြင့် နှင့် အဖွဲ့ဝင်များ မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီး ကြောင်း မှတ်တမ်း စာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက်သည် ခရီးသွားလာသည့် အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရမည်ဖြစ်သည့်အတွက် ဆေးထိုးပြီးသူများ ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျ သိမ်းဆည်းကြရန် လိုအပ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
သဇင်