သာယာဝတီ သြဂုတ် ၁၄
သာယာဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်းရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနိုင်းရေးကော်မတီ မဲဆွယ်စည်းရုံးရေးကာလတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ယနေ့ နံနက် ၁၀ နာရီက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က နိုင်ငံ ရေးပါတီများ စည်းရုံးလှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်သင်နှင့် အတွင်းရေးမှူး ဒေါ်သွင်သွင်ခိုင်တို့က ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရန် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီဝင်များက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေး နွေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)