တမူးမြို့တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

တမူး၊  စက်တင်ဘာ    ၁၅ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို စက်တင်ဘာ(၁၅) ရက်နေ့ နံနက်(၈)နာရီမှ စတင်၍ အမှတ်(၁)အခြေခံညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေး ထိုးနှံရာတွင် သြဂုတ်လ တတိယ အပတ်က ပထမအကြိမ် ထိုးနှံပြီးခဲ့သောအသက် (၆၅) နှစ် အထက် သက်ကြီး ဘိုးဘွားများ၊သာသနာ့ဝန်ထမ်းများ၊ စျေးရောင်းချသူများ၊ ယာဥ်မောင်းများနှင့် ယာဉ်နောက် လိုက်များ၊​ စေတနာ့ ဝန်ထမ်းများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်ရောဂါ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး လာရောက် ထိုးနှံကြသူများအား ကာကွယ် ဆေးမထိုးနှံမှီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူ ချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံခြင်းကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ကာကွယ်ဆေးသည်(Sinopharm)ဆေးအမျိုးအစားဖြစ်၍ ပထမအကြိမ် ထိုးနှံပေးခဲ့သည့် လူဦးရေ (၃၀၀၀) ဦးတို့အား ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ် ဆေးထိုးနှံခြင်းကို စက်တင်ဘာလ(၁၅) ရက်နေ့မှစတင် ၍နေ့စဥ် ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ကာကွယ် ဆေးလာရောက်ထိုးနှံရန် ကျန်ရှိမှု မရှိစေရေးအတွက် အသံချဲ့ စက်များဖြင့် လှည့်လည်၍ အသိပေး နှိုးဆော်လျက် ရှိကြောင်း ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ကြည်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ကျန်းမာ​ရေး ဦးစီးဌာနမှူး ဒေါက်တာသူရ နှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက် ခြေနီအသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

 

  ဖိုးကျော်