မင်းလှမြို့ဝင်/ မြို့ထွက်နေရာ၌ ဝင်/ထွက်သွားလာသူများအား ကိုဗစ်ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေး

မင်းလှ စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် ယနေ့ နံနက် ၇ နာရီချိန်မှ ၁၁ နာရီခွဲအချိန်ထိ မြို့ဝင်/ မြို့ထွက်နေရာ၌ လမ်းသွားလာသူများအား ကိုဗစ်ရောဂါ ပိုးရှိ/ မရှိ အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မြို့ဝင်နေရာဖြစ်သည့် ထောက်ကြံကွင်း(အမ်)ကျေးရွာ ကိုဗစ်စစ်ဆေးရေးဂိတ်နှင့် မြို့ထွက်နေရာ ဖြစ်သည့် လမ်းမတော်အနောက် ကိုဗစ်စစ်ဆေးရေးဂိတ်တို့တွင် ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ဝင်/ထွက်သွားလာသူများကို RDT Test kit ဖြင့် စစ်ဆေး‌ပေးရာ ထောက်ကြံကွင်း (အမ်)ကျေးရွာ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် (၁၅၈) ဦးအနက်(၂) ဦးတွင်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး၊ လမ်းမတော်အနောက် ကိုဗစ်စစ် ဆေးရေးဂိတ်တွင်(၁၃၈) ဦးအနက် (၄) ဦးတွင်ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူများကို မင်းလှလူမှုကယ်ဆယ်ရေး အသင်းမှ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတို့ ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)