မင်းလှ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ် ဦးဆောင်မှုဖြင့် ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" ပန်းခင်းစီမံချက် ဆောင်ရွက်မှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးဗီနိုင်းဆိုင်း ဘုတ်စိုက်ထူပြီး လက်ကမ်းစာစောင်များကို လူသွားလူလာများသောစျေး၊ လမ်းဆုံလမ်းထောင့်၊ လမ်းမကြီးနေရာများတို့တွင် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပန်းခင်းစီမံချက် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ကို လူအများမြင်သာသော ရထားလမ်းဂုံးနေရာ၌ စိုက်ထူပြထားကြောင်း၊ အဆိုပါ လက်ကမ်းစာစောင်တွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း "ပန်းခင်း" စီမံချက်ဆောင်ရွက်မည့် လုပ်ငန်း(၄)ရပ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သော အထောက်အထားများ၊ အိမ်ထောင်စု လူဦးရေစာရင်း စိစစ်အတည်ပြု ထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းအတွက် လိုက်နာရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ ပါဝင်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်ကမ်းစာစောင်စောင်ရေ (၅၀၀) ကို ပြည်သူများ သိရှိလေ့လာဖတ်ရှုနိုင်ရေး အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)