မင်းလှ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ကြမ်းခင်း ဈေးပြင်ဆင်ရောင်းချသည့် အင်း၊ တင်ဒါချက်များ လေလံရောင်းချခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ လေလံတင်ရောင်းချပွဲတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းတို့က ၂၀၂၁ -၂၀၂၂ ခုနှစ်ငါးလုပ်ငန်းရာသီအတွက် ဂရန်အင်းနှင် တင်ဒါချက်များ၏ လိုက်နာရမည့် စည်းကမ်းချက်များ၊ ဂရန်အင်းများမှ ငါးထွက်ရှိမှုနှုန်း တိုးတက်လာစေရန် အင်းလေလံဆွဲဝယ်ရရှိသူသည် ငါးလုပ်ငန်း ဦးစီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း အင်းအတွင်း ငါးမျိုးစိုက်ထည့်ရန် ပြောကြားခဲ့သည်။
ထိုနောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဖြိုးဝေလင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် တာဝန်ရှိသူများက ဂရန်အင်းများ လေလံတင်ရောင်းချရာ မင်းလှမြို့နယ် အင်း(၈)ခုနှင့် တင်ဒါ (၄)ခု၊ အုတ်ဖိုမြို့နယ် အင်း(၁)ခုနှင့် တင်ဒါ(၄)ခု၊ ကြို့ပင်ကောက်မြို့နယ် အင်း(၅)ခု၊ နတ်တလင်းမြို့နယ် အင်း(၅)ခု စုစုပေါင်း ဂရန်အင်း (၁၉) အင်းနှင့် တင်ဒါချက် (၈)ခု တို့ကို အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေကျပ် (၃၈၁၄၀၀၀၀) သုံးရာရှစ်ဆယ့်တစ်သိန်းလေးသောင်းကျပ်တိတိအား နိုင်ငံတော်အခွန်ငွေ ရရှိခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)