ပခုက္ကူ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်အခြားရောဂါများကူးစက်ပျံ့နှံမှုမှ ကာကွယ်ကုသရေးတို့အတွက်ဆေးဝါး၊ဆေးပစ္စည်းများနှင့်အထောက်အကူပြုပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊သတ်မှတ်အရည် အသွေးများနှင့်ကိုက်ညီစေရေးနှင့်ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက် ၁၁နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးကြသည်။
ပခုက္ကူမြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးမင်းသက်ခိုင်ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သတ်မှတ်အရည်အသွေးများနှင့်ကိုက်ညီသည့်ဆေးဝါး များ ထားရှိရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်းထက်ကျော်လွန်ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ကာလနှင့်ရက်လွန်သည့် ဆေးများရောင်းချခြင်း ရှိ/မရှိ၊ ကိုဗစ်-၁၉ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဈေးရောင်း/ဈေးဝယ်ပြုလုပ်ခြင်း ရှိ/မရှိ အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြသည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်များရှိ ဆေး၊ဆေးပစ္စည်းနှင့်အထောက်အကူပြုပစ္စည်းများဖွင့်လှစ်ရောင်းချသည့် ဆိုင်ပိုင်ရှင် များနှင့်တွေ့ဆုံကာ ဈေးကွက်အတွင်းဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့်အရည်အသွေးနိမ့်ဆေးပစ္စည်းများ ရောင်းချခြင်းတို့ မပြုရန်နှင့် ဆေးရောင်းချရာတွင် အခက်အခဲများပေါ်ပေါက်လာပါက အဖွဲ့ထံတင်ပြကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)