သထုံ စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၄ ရက်၊ မွန်းလွဲပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမနှင့် သုဝဏ္ဏဝတီမြို့ အထက(ကျိုက္ကော်)ကျောင်း ရွှေရတု ခန်းမတို့၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် အသက် ၅၅ နှစ်မှ ၆၄ အတွင်းရှိသူများ၊ မသန်စွမ်းသူများအပါအဝင် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများနှင့် တာဝန်ရှိသူတို့က ထိုးနှံပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ကို ပထမအသုတ်အဖြစ် ဇူလိုင်လ ၂၉ ရက်နေ့မှစတင်ကာ အသက်(၆၅) နှစ်အထက် ဒေသခံပြည်သူများ၊ နိုင်ငံဝန်ထမ်းများနှင့် အတူနေမိသားစုများ၊ အကျဉ်းသား/အချုပ်သားများ၊ ဈေးသူဈေးသားများ၊ စက်ရုံအလုပ်ရုံများ၊ စားသောက်ဆိုင်ဝန်ထမ်းများ၊ အဝေးပြေးယာဉ်မောင်း ယာဉ်နောက်လိုက်များ စသည်တို့အား ဦးစားပေးအစီအစဉ်အလိုက် စုရပ် ၅ ရပ်ခွဲ၍ ထိုးနှံပေးခဲ့ရာ ပထမအသုတ်၌ ထိုးနှံပြီးသူ စုစုပေါင်း (၉၁၁၀)ဦး ရှိခဲ့ပြီး ယခု ဒုတိယအသုတ်၌ လူဦးရေပေါင်း (၁၀၀၀၀)ကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်