ရေတာရှည် စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ယနေ့နံနက်ပိုင်းက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ ပူးပေါင်းပါဝင်အားပေးဆောင်ရွက်ခဲ့ပြီး ရေတာရှည်မြို့နယ် အတွင်းရှိ ပြည်သူများအားလုံး အိမ်ထောင်စု လူဦးရေစာရင်းနှင့် ဥပဒေအရ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော “ပန်းခင်းစီမံချက်” ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း(၄)ရပ်၊ လိုအပ်သော အထောက်အထားများ၊ လိုက်နာရမည့် အချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်အား ၃.၅.၂၀၂၁ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး ၃.၁၀.၂၀၂၂ ရက်နေ့ထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်မည့် ပြည်သူများအနေဖြင့် မြို့နယ်လဝကရုံးများ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
အသိပညာပေး ဆိုင်းဘုတ်ကို ရေတာရှည်မြို့လယ် ရန်ကုန်-မန္တလေး ကားလမ်းဘေး၌ စိုက်ထူဆောင်ရွက်ခဲ့ပြီး နောက် ရေတာရှည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ဝန်ထမ်းများက လက်ကမ်းစာစောင်များအား လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးဆု