မုဒုံမြို့၌ ကိုဗစ်-၁၉ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရှိသူ (၈၉၅)  ဦးရှိလာ

 

မုဒုံ  စက်တင်ဘာ  ၁၄

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၈၉၅ )ဦး ရှိလာကြောင်း မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

မုဒုံမြို့နယ်အတွင်း၌ ၂၀၂၁ခုနှစ် ဇွန်လ၂၉ ရက်နေ့မှစ၍   ကိုဗစ်-၁၉ တတိယလှိုင်း  ရောဂါပိုး  စတင်ကူးစက်ခံခဲ့ရပြီး စက်တင်ဘာ ၁၃  ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၁၀၅၆ဦးရှိရာ အတည်ပြုလူနာများ အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ  ၈၉၅  ဦးရှိကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ဘဲရမ်းကျေးရွာ မိုးကုတ်ဝိပဿနာကျောင်းတိုက်၊ ကမာဝက် မြို့တိုက်နယ်ဆေးရုံ၊ ကျိုက်သီခန်းမတို့တွင် ဆေးဝါးကုသခံယူနေသူ စုစုပေါင်း(၈၁)ဦးနှင့် သေဆုံးသူ (၈၀)ဦးရှိကြောင်း မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

မုဒုံမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းရေးအတွက်  အသိပညာ ပေးလုပ်ငန်းများကို  ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး နေအိမ်ပြင်ပသို့သွားလာပါက ပါးစပ်၊နှာခေါင်း စည်း  mask စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်နှင့်မိမိ ပတ်ဝန်းကျင်တွင် ဖျားနာသူများရှိပါက နီးစပ်ရာ   ကျန်းမာရေးဌာနများတွင် အမြန်ဆုံးသွား ရောက်ပြသ၍  ဆေးဝါးကုသမှုများ  ခံယူကြရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တိုက်တွန်း နှိုးဆော်ထားကြောင်းသိရသည်။

 

 

အောင်မျိုးသူ(ပြန်/ဆက်)