လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး အခမဲ့စစ်ဆေးပေးလျက်ရှိ

လက်ပံတန်း စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုး အခမဲ့စစ်ဆေးပေးလျက် ရှိသည်။ ယနေ့နံနက် ၈နာရီမှ စတင်၍ ဘီးလင်းတန်းရပ်ကွက် ပေါက်ကုန်းဆင်ဖြူရှင်ကျောင်းရှိ သံဃာတော်များ ဓမ္မစန္ဒာလမ်းမှ ပြည်သူများ၊ စိန်တီဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် ရိပ်သာဝန်ထမ်းများ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ရတနာဘဏ်သို့ လာရောက်သည့် တောင်သူများနှင့် ငွေထုတ်သူတို့အား RDT Test Kit ဖြင့် ကွင်းဆင်း စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် (၂၃၃)ဦး စစ်ဆေးပေးခဲ့ပြီး (၁၀)ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပိုးတွေ့လူနာများအား ဆေးရုံသို့ပို့ဆောင် ကုသပေးခြင်းနှင့် ထိတွေ့သူများအား ကွာရန်တင်းစင်တာများသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လက်ပံတန်းမြို့ နယ်တွင်ယမန်နေ့အထိ ပိုးတွေ့ရှိသူစုစုပေါင်း ၃၈၀၆ ဦး၊ ဆေးရုံဆင်း ခွင့်ရသူစုစုပေါင်း ၃၄၅၅ ဦး၊ သေဆုံးသူစုစုပေါင်း ၉၇ဦးရှိပြီး ဆေးကုသမှုခံယူလျက်ရှိသူ ၂၅၄ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။