ပေါက် သြဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ရွှေပေါက်ပင် အစည်းအဝေး ခန်းမ၌ ထောက်ပံ့ပေးအပ်သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က ထောက်ပံ့ကြေးပေး အပ်ခြင်းရည်ရွယ်ချက်၊ ထောက်ပံ့ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ် အရောက် ပေးပို့ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။အဆိုပါ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအား ပထမအကြိမ် နိုင်ငံတော်က ထောက်ပံ့သော အခြေခံစားသောက်ကုန် (၅) မျိုးကို အိမ်ထောင်စု (၁၀၆၉၂)အား ထောက်ပံ့ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ဒုတိယအကြိမ် အကြောင်းအမျိုးမျိုး ကြောင့် ကျန်ရှိသည့် အိမ်ထောင်စု(၈၈၂၀)စုကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၃၂၃) သိန်းထောက်ပံ့ပေးခဲ့ပြီး တတိယအကြိမ် အိမ်ထောင်စု (၁၉၅၁၂)ကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၉၂၄) သိန်းကိုလည်းကောင်း ထောက်ပံ့ထားရှိပြီးဖြစ်သည်။ ယခုအခါ စတုတ္ထအကြိမ် အိမ်ထောင်စု (၁၉၅၁၂)စုကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၃၉၂၄)သိန်းကို အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်သို့ အရောက် ပေးအပ် နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင်ခန်းမ၌ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယင်းထောက်ပံ့ငွေများကို မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အခြေခံလူတန်းစား အိမ်ထောင်စုများ၏ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ကာ အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကာ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာများသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဉာဏ်တိုး(ပြန်/ ဆက်)