မအီ စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို သိရှိလိုက်နာနိုင်ရန် အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ယနေ့ နံနက်ပိုင်း (၁)ကြိမ်၊ ညနေပိုင်း(၁)ကြိမ် မြို့ပေါ်ရပ်ကွက်များသို့အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများထံ အသိပေးနိူးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပေးနိူးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးနည်းလမ်းများကို “ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ မိမိကစ၍ ကာကွယ်ပါ” ဆောင်ပုဒ် အတိုင်း အားလုံးကိုယ်စီ မဖြစ်မနေလိုက် နာဆောင်ရွက်ကြ ပါရန်အတွက် “(က) အိမ်အပြင်ထွက်ခွာလျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ ဆက်ဆံရပါက မျက်နှာအကာ(Face Shield)ကို တွဲဖက်တပ်ဆင်ပါ၊ (ခ) တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင် လုပ်ကိုင်ပါ၊ (ဂ) လူစု လူဝေးရှောင်ပါ၊ (ဃ) လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ (င) အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ လေဝင်/လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ (စ) အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို/သွေးတိုး/နှလုံး စသည့် နာတာရှည်ရောဂါ အခံရှိသူများနှင့်အနီးကပ်နေထိုင်ခြင်း၊အတူစားသောက်ခြင်းတို့ မှ ရှောင်ကြဉ်ပါ၊ (ဆ) အသွားအလာတားမြစ် ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း (Quarantine)လုပ်ငန်း စဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပါ၊ (ဇ) ပါးစပ်နှင့် နှာခေါင်းစည်း(Mask)မတပ်ဆင်ထားသော ဈေးရောင်း သူများထံမှ ဈေးမဝယ်ပါနှင့်၊ (ဈ)တစ်ဦးနှင့် တစ်ဦးအချင်းချင်း အသိပေး၊ သတိပေးပါ၊ (ည) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာပါ၊ (ဠ) သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထား သော လုပ်ငန်းလမ်းညွှန်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ပါ၊ (ဌ) ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယ လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ် ၍ချက်ချင်း သတင်းပို့ပါ၊ ကျန်းမာရေး စစ်ဆေးမှုကို ကြည်ဖြူစွာ ခံယူပါ”စသည့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မိဘပြည်သူ များအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲ ဉပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ပြည်သူများသို့ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
ယခုအခါ မအီမြို့အတွင်း ဇူလိုင်လ ၇ ရက်မှ ယခုလ ၁၄ ရက်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃၃ )ဦးရှိသည့် အနက် (၃)ဦးသေဆုံးခဲ့ကာ ပြည်သူ့ဆေးရုံ(မအီမြို့)၌ သီးသန့်လူနာဆောင်တွင် ဆေးကုသမှု ခံယူလျက်(၈) ဦးရှိကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)