ဝါးခယ်မ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိကျေးရွာ(၃)ရွာတွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေနှင့် ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါမြစ်ရေတိုက်စားမှုကြောင့် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာတွင် မြစ်ကမ်းပါး အလျား (၇၀)ပေ၊ အနံ (၂၀)ပေခန့်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ စစ်တန်းကျေးရွာတွင် မြစ်ကမ်းပါး အလျား(၃၀)ပေ၊ အနံ (၁၅)ပေခန့်၊ ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် အထက်ပေကုန်း ကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာတွင် မြစ်ကမ်းပါး အလျား(၆၀)ပေ၊ အနံ(၁၅)ပေခန့် အသီးသီးပြိုကျခဲ့ရာ လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများထိခိုက်မှုမရှိကြောင်း ၊ မြစ်ကမ်းပါး အနီးတွင်နေထိုင်သော ဟင်္သာဒုံးကျေိးရွာ၌ နေအိမ်(၁၅)လုံး၊ စစ်တန်းကျေးရွာတွင် နေအိမ်(၁)လုံး၊ အထက်ပေကုန်းကျေးရွာ တွင်နေအိမ်(၁၀)လုံး၊ စုစုပေါင်း နေအိမ်(၂၆)လုံးနှင့် မိသားစုဝင် ကျား(၇၈)ဦး၊ မ(၆၄)ဦး၊ စုစုပေါင်း(၁၄၂)ဦးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်းသိရသည်။
ဟင်္သာဒုံးနှင့်တံခွန်တိုင်ကျေးရွာ အုပ်စုသည် ဧရာဝတီမြစ် ကမ်းပါးတွင်လည်းကောင်း၊ အထက်ပေကုန်းကျေးရွာအုပ်စုသည် ရွှေလောင်းမြစ်ကမ်းပါးတွင်လည်းကောင်း အသီးသီးတည်ရှိသောကြောင့် အလားတူမြစ်ကမ်းပါး ပြိုကျမှုများ ဖြစ်ပေါ်လေ့ ရှိကြောင်း သိရသည်။
စောသန္တာဦး