ပခုက္ကူ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ပခုက္ကူခရိုင် အထွေထွေရောဂါကု ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်အပြင် ကိုဗစ်-၁၉ ကုသရေးစင်တာ (၁)နှင့်(၂) ကိုဖွင့်လှစ်ဆောင်ရွက် ကုသခဲ့လျက်ရှိသည်။
ကိုဗစ်-၁၉ ကုသရေးစင်တာ(၁)တွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်း၊ ပခုက္ကူမြို့ အနာဂတ် အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်းက မငြိမ်းငြိမ်းဌေးက စင်တာ နှင့်ပတ်သက်ပြီး ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ယခုလိုပြောကြားသည်-
မငြိမ်းငြိမ်းဌေး (ပခုက္ကူ အနာဂတ် အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း )
(ပခုက္ကူမြို့နယ်ကုသရေး စင်တာ(၁) အဆောင်မှူး)
ကျွန်မနာမည်ကတော့ မငြိမ်းငြိမ်းဌေး ဖြစ်ပါတယ်။ကျွန်မကတော့ ပခုက္ကူ အနာဂတ် အလင်းရောင်လူငယ် ဖွံ့ဖြိုးရေးအသင်းကဖြစ်ပါတယ်။ကျွန်မကတော့ ပခုက္ကူမြို့နယ်ကုသရေး စင်တာ(၁)မှာ အဆောင်မှူးအဖြစ်နဲ့ တာဝန်ယူဆောင်ရွက်နေပါတယ်။ ပခုက္ကူဆေးရုံကိုဗစ်-၁၉ကုသရေးစင်တာ(၁)မှာ တက်ရောက်ခဲ့သူ ကျား-၅၃ ဦး မ-၅၁ဦး စုစုပေါင်း၁၀၄ဦးရှိပါတယ်။ အားလုံးကလည်း ယခုဆိုရင် ၎င်းတို့ရဲ့ နေအိမ်နှင့်အလုပ်ခွင်ကို ကျန်းကျန်းမာမာနဲ့ ပြန်ပြီး လုပ်ဆောင်နေကြပါတယ်။ကျွန်မ တို့ ကုသရေးစင်တာ(၁)မှာ လာရောက်တက်နေတဲ့ Positive လူနာတွေကို ဆေးရုံက ကျန်းမာရေးအနေနဲ့ ဆေးဝါးများ ထောက်ပံ့ပေးသလို၊ ပြင်ပ အဖွဲ့အစည်း နဲ့ ဌာနဆိုင်ရာများကလည်း ကြက်သားစွတ်ပြုတ်၊ကြက်သားဆန်ပြုတ် နေ့စဉ် လှူဒါန်းတာလည်းရှိပါတယ်။ နောက်တစ်ခု ကျွန်မတို့အနေနဲ့ ဆိုရင်လည်း ရေသန့်ဗူးတွေကိုလည်း မပြတ်အောင် အလှူရှင်တွေက လှူဒါန်းပါတယ်။ ကျွန်မတို့အဖွဲ့အစည်း အနေနဲ့လည်း ဒီလူနာတွေနဲ့ ပတ်သက်ပြီး လိုအပ်တာမှန်သမျှကို အကုန်လုံးချိတ်ဆက်ပေး တယ်၊ ရောဂါ နဲ့ ပတ်သက်ပြီး တစ်ခုခုလိုတာတွေရှိရင် အောက်ဆီဂျင်ကျတာတွေ မောတာတွေ အောက်ဆီဂျင် တွေ တိုင်းပေးတယ်။အောက်ဆီဂျင်ကျ လို့ရှိရင် ဆေးရုံနဲ့ချိတ်ဆက်ပြီး လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်ပေးတာတွေရှိပါတယ်။တကယ်လို့အောက်ဆီဂျင်ကျလို့ အောက်ဆီဂျင် ပေးရမယ်ဆိုရင်လည်း လိုအပ်တဲ့ အောက်ဆီဂျင်ရှာတာတွေ၊အလှူရှင်တွေနဲ့ချိတ်ဆက်ပေး ရတာတွေရှိတယ်။ အခုလက်ရှိ ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေလုပ်နေပါတယ်။
ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီးလုပ်ဆောင်နေတယ် Test kits အလှူရှင်လည်းရှိသလို စစ်တဲ့ အခါမှာလည်း ရပ်ကွက်၊ကျေးရွာ၊မြို့အလိုက်သွားရောက်ပြီးစစ်ဆေးနေတာတွေလည်း ရှိပါတယ်။ကိုယ့်ကိုယ်ကိုသံသယရှိလို့ စစ်ဆေးခြင်တယ်ဆိုရင် အချိန်မရွေးကျွန်မတို့နဲ့ ချိတ်ဆက်ပြီးတော့ စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပါတယ်၊ ဆက်သွယ်နိုင်ပါတယ်။ ကျွန်မတို့ ရွာတွေ ရပ်ကွက်တွေ မြို့တွေအကုန်လုံးသွားပြီးတော့ စစ်ဆေးပေးမှာဖြစ်ပါ တယ်လို့ သတင်းပေးခြင်ပါတယ်ရှင့်။ကျွန်မတို့ကုသရေးစင်တာကလေးဆေးရုံဘက်မှာ ကိုဗစ်ပိုးနဲ့ သက်သာ ပြီးပြန်တဲ့ လူနာများကို တခြားအလှူရှင် အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ဆန်တွေ၊ဆီတွေ၊ဟင်းချက်စရာတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။ကျွန်မတို့အဖွဲ့အစည်းအနေနဲ့အိမ်တိုင်ရာရောက်ပို့ဆောင်လှူဒါန်းပေးတာတွေရှိခဲ့ပါတယ်။ ကုသရေးစင်တာကို အစစအရာရာ ကူညီပံ့ပိုးပေးတဲ့ဌာန ဆိုင်ရာ အခြားပရဟိတ အသင်းအဖွဲ့အစည်း တွေပါမ ကျန် အလှူရှင်များကို တစ်ဦးမကျန် အားလုံးကို ကျေးဇူးတင်ရှိပါတယ်လို့ပြောကြားခြင်ပါတယ်။
ဆက်လက်ပြီးကူးစက်မှုခံယူရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူ မစုစုက စင်တာတွင်ဆေး ကုတက်ရောက်နေချိန် အတွေ့အကြုံတွေကို ယခုလိုပြောကြားခဲ့သည်-
မစုစု
(ကင်မွန်းခါးကျေးရွာ၊ပခုက္ကူမြို့နယ်)
ကျွန်မနာမည်က မစုစုဖြစ်ပါတယ်၊ ကမွန်းခါးကျေးရွာမှာနေထိုင်ပါတယ်။ ကိုဗစ်ရောဂါ ပိုးစတွေ့ တာကတော့ မိခင်က စတွေ့ပါတယ်။မိခင်ကျန်းမာရေးမကောင်း လို့ဆေးရုံလာပြတယ် တစ်ရက် ပဲကုသလိုက်ရတယ် ဆုံးသွားတယ်။အိမ်မှာဆိုရင် ကျန်တဲ့ မိသားစုဝင်တွေ ကူးမှာစိုးရတာပေါ့ ဆေးရုံမှာကြ သီးသန့်နေရတယ်။ သူတို့ကလဲ ကျန်းမာရေးစောင့်ရှောက်မှု တွေခဏခဏပေးပါတယ်။ကျွန်မတို့ကလည်း ဆိုးဆိုးဝါးဝါးဖြစ်တာ မဟုတ်တော့ ကောင်းနေ တာပေါ့၊အဖေ တစ်ယောက်ပဲ အစားမစာနိုင်တော့အားနည်းတာတွေ ရှိပါတယ်။အချိန်မီ ကုသလိုက်တော့ ကောင်းပါတယ် သူတို့ကလဲ သီးသန့် ထားပေးတော့ အဆင်ပြေပါတယ်။ အိမ်မှာဆိုရင် တခြားလူတွေ ထပ်ကူးမှာကြောက်ရတာပေါ့ ဒီမှာသူတို့ကိုကူးမှာ မကြောက် ရတော့ဘူး၊ အမှန်တိုင်း ပြောရလို့ ရှိရင်ရွာထဲ ကလူတွေကို လည်း မကူးစေ ခြင်ဘူး။စစ်လိုက်လို့ရှိရင် တစ်ယောက် နှစ်ယောက် တွေ့တယ်ဆိုရင် သီးသန့်ထားပြီး အချိန်မီ ကုသလို့ရတယ်။ မစစ်ဘဲ နေရင် တခြားလူတွေပါ များများ ကူးနိုင်တယ်။ပိုးရှိ/မရှိ စစ်တာပိုကောင်းပါတယ်၊ သီးသန့်နေတာလည်း ပိုကောင်းတယ်၊သီးသန့်နေတော့ ကိုယ့်မိသားစုဝင်တွေ အခြား မိသားစုဝင်တွေနဲ့ ရပ်ရွာအတွက် လည်း အကျိုး ရှိပါတယ်၊ကျွန်မဆိုရင်လည်း ဆေးရုံမှာ သီးသန့်နေရတာဆိုတော့ ကိုယ့်အတွက်လည်း စိတ်ချ ရတယ်၊ကိုယ့်မိသားစုအတွက်လည်း စိတ်ချတယ်၊ ရပ်ရွာအတွက်လည်း စိတ်ချရတယ်။
ပခုက္ကူမြို့နယ်တွင် ၂၃.၆.၂၀၂၁ ရက်နေ့မှ စက်တင်ဘာ ၁၂ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့သူ ၅၇၁၁ဦး၊ပိုးတွေ့ရှိသူ ၁၂၆၉ဦး သေဆုံးသူ ၁၂၃ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာန မှတ်တမ်းများအရ သိရပါသည်။
ကိုဇော်(ပြန်/ဆက်)