သဲကုန်း စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို ပြည်သူ့ဆေးရုံ သံဃာဆောင်၊ အထက (သဲကုန်း)၊ အထက(ဆင်မြီးဆွဲ)၊ မြို့နယ် ခန်းမ(သဲကုန်း)၊ သီတဂူမျက်စိဆေးရုံ၊ ပုတီးကုန်းဘိုးဘွားရိပ်သာတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးကောင်းမွန်သူ(၂၁)ဦးကို နေအိမ်ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုသူ(၂၁)ဦးအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ မိမိတို့၏ နေအိမ်အသီးသီးသို့ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင်(၇)ရက်ကြာနေထိုင်ရန်နှင့် ကျန်းမာရေးအသိ ပညာပေးစကားများ ပြောကြားပေးခဲ့ပြီး ပရဟိတ အဖွဲ့မှ ကားများဖြင့် နေအိမ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်။
သဲကုန်းမြို့နယ်တွင် ယနေ့ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၅၉၈)ဦး၊ သေဆုံး (၁၁၉)ဦး၊ ဆေးရုံဆင်း (၁၃၁၅)ဦး၊ ဆေးရုံတက်လက်ကျန် (၁၆၅)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
နိုင်လင်း