ပြည် စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်မြို့ပေါ်ရပ်ကွက်များအတွင်း ဈေးကားများဖြင့် လှည့်လည်၍ ပြည်သူများအား အခြေခံစားသောက်ကုန်များ၊ ကုန်စိမ်း/ကုန်ခြောက်များနှင့် သားငါးများအား ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးခြင်းကို ယခုနှစ် ဩဂုတ် ၂၆ရက်က စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွာဘဲရပ်ကွက်၊ ဆံတော်ရပ်ကွက်နှင့် အောင်ဆန်း(ပြည်သာယာ) ရပ်ကွက်တို့တွင် လိုက်လံရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ လိုက်လံရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်/ကြက်သွန်အပါအဝင် ကြက်ဥ၊ ငါးခြောက်၊ ဟင်းသီးဟင်းရွက်၊ အစုံအလင်နှင့် ကြက်၊ ဝက်၊ အမဲ၊ ဆိတ်၊ ငါး၊ စသည့် အသားငါးတို့ကိုပါ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးများအတွင်း လူစုလူဝေး လျော့ကျလာစေရန်နှင့် ပြည်သူများအား ဈေးမသွားရဘဲ မိမိတို့ရပ်ကွက်အတွင်း၌ပင် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်မြို့တွင် ယင်းသို့ဆောင်ရွက်ခြင်းကို ဈေးကားသုံးစီးဖြင့် နှစ်ရက်တစ်ကြိမ် ရပ်ကွက်များအတွင်း အလှည့်ကျ ပုံမှန်ရောင်းချ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အထူးအစီအစဉ်အနေဖြင့် ဩဂုတ် ၃၀/၃၁ရက်တို့တွင် မြို့မဈေးကြီး၊ အောင်မင်္ဂလာဈေး၊ ကိုးသောင်းဈေးနှင့် ခေတ္တရာမြို့သစ်ဈေးတို့မှ ဈေးကား(၃၁)စီးဖြင့်လည်းကောင်း၊ အလားတူ စက်တင်ဘာ (၁၀)ရက်နေ့တွင် ဈေးကား (၁၃)စီးဖြင့်လည်းကောင်း မြို့ပေါ်ရပ်ကွက်များ အတွင်း ပြည်သူများထံအရောက် ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း မြို့နယ်သည်ပင်သာယာရေး အဖွဲ့မှ သိရသည်။
ကိုဆက်