မင်းတုန်းမြို့တွင် Oxygen Plant အဆောက်အအုံ တည်ဆောက်လျက်ရှိ

မင်းတုန်း စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံအ ဆောက်အအုံ တည်ဆောက်လျက်ရှိရာ မြေနေရာပြုပြင်ခြင်း၊ အောက်ခံဖောင်ဒေးရှင်း တည်ဆောက်ခြင်းနှင့် 200 KVA ထရန်ရန်စဖော်မာ တပ်ဆပ်ခြင်းတို့ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ လူနာများမှ အောက်ဆီဂျင် ပေးရန်လိုအပ်သည့် လူနာများ အောက်ဆီဂျင် လုံလောက်မှုရှိစေရန်အတွက် မြို့နယ်အတွင်းရှိ ကျောင်းတိုက် အသီးသီးနှင့် ရပ်ကွက်/ ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များ၊ အလှူရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက Oxygen Plant တည်ဆောက်နိုင်ရေး အလှူငွေများ လှူဒါန်းသည့်အတွက် မင်းတုန်းမြို့၌ Oxygen Plant အဆောက်အအုံ အလျား ပေ ၄၀ ၊ အနံပေ ၂၀ ရှိအဆောက် အအုံအား ဩဂုတ်လမှ စတင်ဆောက်လုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ချပေးမည့် Oxygen Plant စက်ရောက်ရှိလာပါက အပြီးတပ်ဆင်နိုင်မည်ဖြစ်သည်။

အဆိုပါ Oxygen Plant တည်ဆောက်ပြီးစီးပါက ကိုဗစ်-၁၉ လူနာများနှင့် အခြားကျန်းမာရေး မကောင်းသည့် လူနာများအတွက် အောက်ဆီဂျင်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးကြီးကြပ်မှု ကော်မတီထံမှ သိရသည်။

 

မြို့နယ်ပြန်/ဆက်