ဖျာပုံမြို့၌ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်း ဆက်လက်ဆောင်ရွက်

 

ဖျာပုံ   စက်တင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ခရိုင်အတွင်းရှိတောင်သူများအား၊ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းကို ဇွန်လ (၁) ရက်နေ့မှစတင်၍ ထုတ်ချေးပေးခဲ့ရာ ယခုအချိန်စေ့ရောက်ပြီး ချေးငွေပြေ ကျေပြီးသည့်တောင်သူများအား ချေးငွေထုတ်ချေးပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရခြင်းနှင့် ပတ်သက်၍ ဖျာပုံခရိုင်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးအောင်မျိုးသန့်က ယမန်နှစ် မိုးစပါးချေးငွေပြေကျေပြန်လည်ပေးဆပ်ပြီး သည့်တောင်သူများကို ၂၀၂၁ခုနှစ်အတွက် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ မိမိတို့စိုက်ဘဏ်မှ သတ်မှတ်ထားသည့်ကာလအထိ ချေးငွေပြေကြေပေးဆပ်ထားသည့် တောင်သူများကိုသာ ချေးငွေထုတ်ချေးပေးသွားမှာဖြစ်ပြီး၊ ယခင်နှစ် ထုတ်ချေးထားသည့်ချေးငွေများအပေါ် ပေးဆပ်ရမည့်ကာလတစ်ခုရွေ့ဆိုင်းပေးခြင်း၊ ဒဏ်တိုး ကောက်ခံမည့်ကာလများ ပြင်ဆင်ပေးသွင်းခြင်းကိုလည်း တောင်သူများအကျိုးအတွက်  စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထိုကဲ့သို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင်မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေပြေကြေပေး သွင်းပြီးသော တောင်သူများအား၊ ၂၀၂၁ခုနှစ် အတွက်မိုးစပါးချေးငွေများကို ဆက်လက်ထုတ် ချေးပေးလျက်ရှိကြောင်း၊ ဖျာပုံခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)