ကန်ကြီးထောင့် ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၂၅၂၉၉ စုအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က နိုင်ငံတော်မှ အခြေခံလူတန်းစား အိမ်ထောင်စုများသို့ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထပ်မံထောက်ပံ့ ပေးအပ်သော ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ၏ လက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာ ရောက်ရှိရေး စနစ်တကျ ဆောင်ရွက်သွားကြရန် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ ရပ်ကွက် ၇ ခုနှင့် ကျေးရွာအုပ်စု ၇၃ အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စု ၂၅၂၉၉ စုအတွက် အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် ၂၀၀၀၀နှုန်းဖြင့် စုစုပေါင်းကျပ် ၅၀၅၉၈၀၀၀၀ ကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)