မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

မယ်စဲ့ စက်တင်ဘာ ၁၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်း အောင်မြင်နိုင်ရေး အတွက် ပြည်သူလူထုများ ပူးပေါင်း ပါဝင်လိုက်နာရမည့် ကျန်းမာရေးညွှန်ကြားချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ် တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ သတင်းအချက်အလက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိူဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦး ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)