ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကလေး စက်တင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို သံဃာတော်များ၊ သီလရှင်များ၊ အခြားသောဘာသာရေးခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဘဏ်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများ (Volunteer)နှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှဝန်ထမ်းများကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ သတ်မှတ်စုရပ်နေရာများ၌  ကာကွယ်ဆေး (Sinopharm) များ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စုပေါင်းရုံး(OSS)၊ မဟာစည်သာသနာ့ရိပ်သာ၊ မြို့တော်ခန်းမ စသည့်သတ်မှတ်စုရပ် (၃)နေရာတွင် ပုံမှန်အတိုင်း ကာကွယ်ဆေးများထိုးနှံပေးခဲ့ရာ ပထမအကြိမ်စုရပ်ဖြစ်သော အခြေခံပညာ အထက်တန်းကျောင်း(အမှတ်-၂)စုရပ်နေရာအား  မြို့တော်ခန်းသို့ပြောင်းရွှေ့ ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန် လာရောက်သူများကို စာရင်းသွင်း မှတ်တမ်းယူခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် စနစ်တကျနေရာ ယူစေခြင်းများနှင့် လိုအပ်သည်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအသင်းများ၊  ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ လူမှုကူညီရေး ပရဟိတအသင်းများမှ ပူးပေါင်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ကလေးမြို့တွင်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဩဂုတ် ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ စုစုပေါင်း(၃၀၀၀)ဦးကို ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူများကို စက်တင်ဘာ(၁၃)ရက်မှ စက်တင်ဘာ (၁၆) ရက်နေ့အထိ သတ်မှတ်စုရပ် နေရာများတွင်  ကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

မောင်ကျော်(ပြန်/ဆက်)