ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများ ပိုမိုသိရှိနိုင်ရေး မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်

လွိုင်ကော် စက်တင်ဘာ ၁၄

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမို သိရှိလိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများနှင့် လူစည် ကားရာနေရာများတွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က နေ့စဉ် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် လွိုင်​‌ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာ သောကြောင့်  မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့သွားလာရပါက ပါးစပ်၊ နှာခေါင်းစည်းတို့ကို စနစ်တကျ တပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်း ဈေးရောင်း ဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်စုံတစ်ရာ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ မိမိနေထိုင်ရာအခန်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ပါးစပ်၊ နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးပန်ကြားချက်များကို မိဘပြည်သူများ အနေ့ဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ ဇွန်လ (၂၉) ရက်နေ့မှ စက်တင်ဘာလ (၁၃) ရက်နေ့အထိ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်းမှာ (၂၆၁၂)ဦးရှိပြီး ပြန်လည်ကျန်းမာလာသူ စုစုပေါင်း (၂၁၁၄) ဦးရှိကာ ပိုးတွေ့သေဆုံးသူ စုစုပေါင်း(၁၀၅) ဦးရှိ ကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။