ပွင့်ဖြူ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာ ၉ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅၆)လုံး ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မိုးရာသီကာလများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသဖြင့် ထိခိုက်ဆုံးရှုံးမှု မဖြစ်အောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အထူးဂရုပြုဆောင်ရွက်ကြစေလိုကြောင်း ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက သက်ဆိုင်ရာဌာနများကို အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ပြီး အကူအညီရယူဆောင်ရွက်ကြရန် ၊ နိုင်ငံတော်မှ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအပေါ် ပြည်သူများ အခက်အခဲမဖြစ်စေရေးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း ဖြစ်ပြီး ယခု ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကိုလည်း အကျိုးရှိရှိ သုံးစွဲကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၅၃)စုအတွက် အိမ်ထောင်စု တစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်း ၊ လူနေအိမ်ပြိုလဲပျက်စီးခဲ့သည့် အိမ်ထောင်စု(၃)စုအတွက် အိမ်ထောင်စု တစ်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးကို လည်းကောင်း ၊ လေဘေးသင့်အိမ်ထောင်စုဝင် ၂၀၇ ဦးအတွက် တစ်ပတ်စာ စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၄၃၄၇၀၀ ကျပ် တို့အား လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရဲဝင်းနိုင် ( ညောင်ဦး )