အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ကျောင်းကုန်း  ဩဂုတ်  ၁၄

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိူးဝင်း က ကျောင်းကုန်းမြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူ (၁)သိန်း (၂)သောင်းကျော်တွင် မှတ်ပုံတင်မရှိသူ (၂)သောင်းကျော်ရှိကြောင်း၊ မဲဆန္ဒရှင်စာရင်း အပေါက်ဖာရန် (၁၄)ရွာ ကွင်းဆင်း ဆောင်ရွက်ရာ (၇)ထောင်ကျော် ပြီးစီးသွားပြီဖြစ်ကြောင်း၊ တစ်သောင်းကျော် ကျန်နေသေးကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ် ရွေး‌ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ လာမည့် ဩဂုတ်လ (၁၇) ရက်နေ့တွင် ထပ်မံတွေ့ဆုံကာ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး ထပ်မံဆွေးနွေးမည် ဖြစ်‌ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက မရှင်းသည့်အချက်များ မေးမြန်းရာ လောလောဆယ် အသက်(၁၈)ပြည့်ပြီး မှတ်ပုံတင် မရှိသေးသူ အသစ်လုပ်မည့်သူများအား ပထမဦးစားပေး ပြုလုပ်ပေးနေကြောင်း၊ ပျောက်ဆုံး/ပျက်စီးသူများအား ဒုတိယဦးစားပေး ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း မြို့နယ် လ.ဝ.က မှ ရှင်းလင်းခဲ့သည်။

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)