ပုလဲ သြဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ တောင်ယမားဆည်ရေသောက်စနစ် ဧရိယာ အတွင်းရှိ တိုက်ရိုက်ရေပေး မြောင်းများ ပြုပြင်ခြင်းလုပ်ငန်းကို ကိုဗစ်-၁၉ ကာလ စီးပွားရေး ထိခိုက်မှု အပေါ်ပြန်လည်ကုစားမှုအစီအစဉ်အရ Cash For Work စီမံကိန်းမှ ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ရက်တွင် ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးနိုင်နှင့် တာဝန်ရှိ သူများ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးအောင်က “ကျေးလက်ဒေသများရှိ ပြည်သူများအား ၄င်းတို့၏ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခငွေထောက်ပံ့ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိ စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ကာလ စီးပွားရေးထိခိုက်မှု အပေါ် ပြန်လည် ကုစားမှုအစီအစဉ်အရCash For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေး ရခြင်းဖြစ်ပြီး တောင်ယမား ဆည်ရေသောက်စနစ် ဧရိယာအတွင်းရှိ တိုက်ရိုက်ရေပေး မြောင်းများ ပြုပြင်ခြင်းလုပ်ငန်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျေးရွာအဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၏ ကြီးကြပ်မှု ဖြင့်ဒေသခံပြည်သူများ အား လုပ်အားခငွေများ ပေးချေ၍ ဆောင်ရွက်လျက်ရှိရာ ခရိုင်ဆည် မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ် ” ဟု ပြောပြသည်။
ပုလဲမြို့နယ်၊တောင်ယမားဆည်ရေသောက်စနစ် ဧရိယာအတွင်းရှိ D/O-5 တူးမြောင်း အရှည်၃၈၀၀ပေပြုပြင်ခြင်းလုပ်ငန်း၊ D/O-11 တူးမြောင်းအရှည် ၁၃၅၀ပေ ပြုပြင်ခြင်း လုပ်ငန်း၊ D/O-16 တူးမြောင်းအရှည်၅၆၀၀ပေပြုပြင်ခြင်းလုပ်ငန်းနှင့် D/O-17 တူးမြောင်း အရှည် ၈၀၀၀ပေ ပြုပြင်ခြင်းလုပ်ငန်းများအတွက် ကိုဗစ်-၁၉ကာလစီးပွားရေးထိခိုက်မှုအပေါ် ပြန်လည်ကုစားမှု အစီအစဉ်အရ Cash For Work စီမံကိန်းမှ ခွင့်ပြုရန်ပုံငွေကျပ်သိန်း၂၀၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)