လပွတ္တာမြို့နယ်၌ စပါးစိုက်ခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများဆောင်ရွက်

လပွတ္တာ စက်တင်ဘာ ၁၄

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော လပွတ္တာ-မြောင်းမြ ကားလမ်းဘေးရှိ  အောက်ချောင်းကျေးရွာ တောင်သူ ဦးဇော်ဦး၏ စံပြစိုက်ကွင်း (၁၁)ဧက လယ်မြေတွင် ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၀၉:၀၀)နာရီ အချိန်က ကျင်းပခဲ့သည်။

စပါးခင်းအတွင်း ငါးမျိုးစိုက်ထည့်ပွဲတွင်  ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြိုနယ်ငါးမျိုးစိုက်ထည့်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး၊ ခရိုင်နှင့်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ၀န်ထမ်းများက တက်ရောက်ပြီး စပါးစိုက်တောင်သူ (၂၉)ဦး လယ်ဧက(၃၀၀) အတွင်း ထိုင်းငါးခုံးမကြီး သားပေါက်ကောင်ရေ(၁၅၀၀၀၀)အား မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ကျေးလက်နေ တောင်သူများ ငါးရိက္ခာဖူလုံစေရေး ငါးမျိုးဖြုန်းတီးမှု လျော့ပါးစေရေး ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါများစေရန် ရည်ရွယ်၍ စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း၊ စပါးစိုက်ခင်းများတွင် ငါးမျိုးများ စိုက်ထည့်ခြင်းဖြင့် တောင်သူများ၏ စား၀တ်နေရေးအခက်အခဲများ အဆင်ပြေစေရန်နှင့် တောင်သူများကို ငါးမျိုးများ ပေးအပ်ခဲ့ကြောင်း သိရသည်။