သဘာဝသစ်စိမ်း မြေဩဇာ ပြောင်းလဲသုံးစွဲနိုင်ရေး ပညာပေး ဆောင်ရွက်လျက်ရှိ

မြင်းမူ စက်တင်ဘာ ၁၄

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းရှိ   ဒေသခံတောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် (သွင်းအားစု) ကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး အပင်များ၏ အာဟာရ ဓါတ်ကိုပိုမိုပေးစွမ်းနိုင်သည့်  သဘာဝသစ်စိမ်းမြေဩဇာပြုလုပ်သုံးစွဲမှုများအား မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းပြသဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

 

ဒေသခံ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အရေအသွေး ပြည့်ဝသည့် သီးနှံများရရှိရေး၊ အထွက်နှုန်းပိုမိုရေး၊ ဓါတ်မြေဩဇာ ကဲ့သို့သော စိုက်ပျိုးရေး သွင်းအားစုကို လျှော့ ချသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်ကိုပိုမိုသက်သာလာစေခြင်း စသည့်အကျိုး ကျေးဇူးများရရှိနိုင်ရန် ယခုကဲ့သို့ကျေးရွာများတွင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှုးဦးရဲမြင့်သိန်းထံမှ သိရှိရသည်။

 

 

သစ်ရွက်စိမ်းမြေဩဇာတွင် မြေဆီလွှာ၏ ဂုဏ်သတ္တိကိုတိုးတက်စေပြီး အပင်များ၏ အစိမ်းရောင် အစိတ်အပိုင်းများကို မြေတွင်ပေါင်းစပ်ပေးခြင်းဖြစ်ကြောင်း၊ သစ်စိမ်း မြေဩဇာအဖြစ် အသုံးများသည့် အပင်များမှာ ပဲလွမ်း၊ ပဲတီစိမ်း၊ ပဲပုပ်၊  ပဲကြီးစသည့် ပဲမျိုးနွယ် အပင်များ အာဖရိကညံ၊ ပိုက်ဆံလျှော်တို့ဖြစ်ပြီး အကောင်းဆုံး ထယ်ထိုးနစ် မြုပ်ချိန်သည် အပင်ပိုင်းဆိုင်ရာ ကြီးထွားမှု အကောင်းဆုံးအချိန် (တစ်နည်းအားဖြင့်) ပန်းမပွင့်မီအချိန် သက်တမ်းအားဖြင့်(၄၀) မှ(၄၅)ရက်သားအချိန်ဖြစ်ကြောင်း၊ သစ်စိမ်းပင်များ ကို ထယ်ထိုးနစ်မြုပ်ပြီး (၁၀)ရက်မှ(၁၄) ရက်အကြာတွင် မိမိစိုက်ပျိုးလိုသည့်  ပင်မသီးနှံကို စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)