သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ ရပ်ကွက် ကျေးရွာများအလိုက် အလှည့်ကျ စစ်ဆေးပေးလျက်ရှိ

 

သရက် စက်တင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉‌ ရောဂါပိုး ရှိ မရှိ RTD ဖြင့် စစ်ဆေး ပေးခြင်းများကို စက်တင်ဘာ ၉ ရက်နေ့မှ စတင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအလိုက် အလှည့်ကျ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ သရက်မြို့ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်အတွင်းမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ  အခမဲ့စစ်ဆေး ပေးခဲ့ရာ စစ်ဆေးခံသူ (၄၇) ဦးတွင် (၅) ဦး၌ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးခြင်းများအား မြို့ပေါ်(၈)ရပ်ကွက်တွင် စက်တင်ဘာ ၉ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အထိနှင့် ကျေးရွာများတွင် စက်တင်ဘာ ၁၁ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ ကျန်းမာရေးဌာနခွဲများဖြစ်သည့် တလပါး၊ ဆင်ကော်၊ ဘော်၊ အလပ်လယ်၊ မဒင်းနှင့် ကြာကန်ကျေးရွာများတွင် စစ်ဆေးပေးသွားမည်ဖြစ်သည်။ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပြည်တော်အေး ရပ်ကွက်တွင် စက်တင်ဘာ ၉၊ ၁၇၊ ၂၄ ရက်၊ ရုံးရပ်ကွက်တွင် စက်တင်ဘာ ၁၀၊ ၁၈၊ ၂၅ ရက်၊ ဈေးရပ်ကွက်တွင် စက်တင်ဘာ ၁၁၊ ၁၉၊ ၂၆ ရက်၊ ရွှေဘုံသာရပ်ကွက်တွင် စက်တင်ဘာ ၁၂၊ ၂၀၊ ၂၇ ရက်၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်တွင် စက်တင်ဘာ ၁၃၊ ၂၁၊ ၂၈ ရက်၊ အနောက်ရပ်တောင်ပိုင်း ရပ်ကွက်တွင် စက်တင်ဘာ ၁၄၊ ၂၂၊ ၂၉ ရက်၊ မြောက်မင်းတည်းရပ်ကွက်တွင် စက်တင်ဘာ ၁၅၊ ၂၂၊ ၃၀ ရက်နှင့် တောင်မင်းတည်းရပ်ကွက်တွင် စက်တင်ဘာ ၁၆၊ ၂၃ နှင့် အောက်တိုဘာ ၁ ရက်တို့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်မှုကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိ ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကိုထိန်းချုပ်နိုင်ရန် “များများစစ် မြန်မြန်တွေ့ မြန်မြန်ကုသ” နိုင်စေ ရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ထမ်းများက အခမဲ့ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်ဝမ်းထွန်း(အောင်လံ)