ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း အသင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း (Maak)များ အခမဲ့ဖြန့်ဝေ

ကျွန်းလှ စက်တင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လွှတ်တိုက်ကျေးရွာအုပ်စု၊ မဒေါင် ကျေးရွာ တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အသင်းသားများအား ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ရန် အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

 

 “ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကစတင်ပြီး စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍ၊ လူနေမှုပတ်ဝန်းကျင်မြှင့်တင်ရေးကဏ္ဍနှင့် ဝင်ငွေတိုးပွားရေးကဏ္ဍ၊ ကဏ္ဍကြီးသုံးခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ကျေးရွာပြည်သူများ၏ဆန္ဒအရ လူနေမှုပတ်ဝန်းကျင် မြှင့်တင်ရေး ကဏ္ဍမှ ကျေးရွာဆေးပေးခန်း တည်ဆောက်ခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ်သိန်း ၁၂၀ ဖြင့် ဘက်စုံသုံးခန်းမ အလျားပေ ၆၀ ၊ အနံ ၂၉ ပေခြောက်လက်မ၊ အမြင့် ၁၃ ပေ ရှစ်လက်မ တစ်ထပ်အဆောက်အဦကို ကျေးရွာစီမံကိန်း ကော်မတီများက တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းသားများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရန် အတွက် အိမ်ထောင်စု ၁၄၀ အား တစ်အိမ်ထောင်လျှင် နှာခေါင်းစည်း(Mask)တစ်ဗူးနှုန်း အခမဲ့ ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။

 

မျိုးဝင်းညို (ကျွန်းလှ)