မင်းဘူး စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများ အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းက အဆိုပါ ဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ စက်တင်ဘာလ ၉ ရက်၊ ၁၀ ရက်နှင့် ၁၂ နေ့များတွင် မြို့နယ်အတွင်းရှိ ကျေးရွာ (၆)ရွာမှ လေဘေးသင့်အိမ်ထောင်စု (၁၉)စုနှင့် ကမ်းပြိုဘေးသင့်အိမ်ထောင်စု တစ်စု သဘာဝဘေးဒဏ်သင့်ခဲ့ပြီး လူတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ လေဘေးသင့်အိမ်ထောင်စု (၁၉)စုမှ လူဦးရေး(၇၅)ဦးနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု တစ်စုမှ လူဦးရေး (၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၆၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး အပါအဝင် ဒဏ်ရာရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၂၁၈,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ပေးငွေ (၁,၁၇၈,၀၀၀) ကျပ်တိတိကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)