မင်းဘူး စက်တင်ဘာ ၁၄
မြေပဲကို မြေပဲဆံနှင့် မြေပဲဆီ နှစ်မျိုးစလုံး စားသုံးမှုများသဖြင့် ပြည်တွင်းစားသုံးမှုတွင် အရေးပါသော ကဏ္ဍမှ ပါဝင်သည်။ မြေပဲတစ်ဧကလျှင် ဆီပိဿာချိန် ၁၀၀ ကျော်ထွက်ရှိသဖြင့် ဆီထွက်သီးနှံများ စုစုပေါင်း စိုက်ဧက၏ ၃၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးကြကြောင်း သိရသည်။
မြေပဲကို လယ်၊ ယာ၊ ကိုင်း၊ ကျွန်းစသော မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး မိုးမြေပဲ၊ ဆောင်းမြေပဲ၊ မိုးနှင့်ဆောင်းကြား စိုက်ပျိုးသော စကမြေပဲဟူ၍ သုံးမျိုးစိုက်ပျိုးကြသည်။ မြေပဲစိုက်သည့် အချိန်တွင် ထယ်ရေး နက်နက် ထွန်ရေးညက်ညက်ဖြင့် စိုက်ခင်းများမှာ ညီညာပြန့်ဖြူး နေရမည်။
မြေပဲစိုက်ပျိုးရာတွင် ပေါင်ဖော် စိုက်ပျိုးပါက ပိုကောင်းသည်။ သို့မှသာ မိုးများသည့် ဒေသတွင် ရေနစ်ခြင်းမှ ကင်းဝေးပြီး အပူချိန်များသည့် ဒေသများတွင် ရေသွင်းစိုက်ပျိုးပါက ရေသွင်း ရေထုတ်ခြင်များ အဆင်ပြေနိုင် ပေသည်။
မြေပဲစိုက်ပျိုးမည် ဆိုပါက အပင်ပေါက် ၈၀ ရာခိုင်နုန်း အထက်ကောင်းသော မြေပဲမျိုးကိုရွေးပြီး မျိုးစေ့ကို ပိုးသတ်ဆေးနှင့် လူးနယ်ကာ စိုက်ပျိုးရသည်။ သို့မှသာ မိုရောဂါများ ကြိုတင်ကာကွယ် နိုင်ပေမည်။ ထို့နောက် အပင်များကို အတန်းလိုက်ပေါင်တင် စိုက်ပျိုးပြီး တစ်ပေါင်နှင့် တစ်ပေါင် ၁၅ လက်မခြား၍ တစ်ပင်နှင့် တစ်ပင် ၅ လက်မထားကာ စိုက်ပျိုးကြသည်။
မြေပဲများ စိုက်ပျိုးပြီးပါက အပင်ငယ်သည့် အချိန်တွင် ပေါင်းမြက် ရှင်းပေးရသည်။ ပန်းများပွင့်ချိန်တွင် ပေါင်းမြက် ရှင်းလင်းခြင်း၊ အပင်ခြေ ပေါင်တင်ခြင်း၊ ကြားတိုက်ခြင်းများ ပြုလုပ်ပါက ကိုင်းများ၊ ပန်းပွင့်များ ထိခိုက်၍ မြေပဲအထွက်နှုန်း နည်းတတ်သည်။
မြေပဲပင်သက်တမ်း ၄၅ ရက်မှ ၇၅ ရက်ကြားတွင် စွယ်ချချိန်ဖြစ်၍ အစိုဓာတ် လိုအပ်မှုအများဆုံး အချိန်ဖြစ်သည်။ ထိုအချိန်တွင် ရေသွင်းပေးနိုင်လျှင် ပိုကောင်းသည်။ အရွက်များကျ၍ ဝါသည့် အချိန်သည် သက်တမ်း ပြည့်ချိန်ဖြစ်၍ မြေပဲဖော်/နုတ်ချိန်ဖြစ်သည်။ နုတ်သိမ်းချိန် မြေကြပ်နေလျှင် မြေပဲတောင့်များ မြေကြီးထဲ ကျန်ရစ်တတ်သဖြင့် ဓားကွင်းတိုက်၍ ဖော်ပေးရကြောင်း မြေပဲစိုက်ပျိုးသူ များထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)