ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ကျောက်ဖြူခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

စစ်တွေ စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူခရိုင်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူခရိုင် အမ်းမြို့၊ ခုတင် (၁၀၀)ဆံ့ ပြည်သူ့ ဆေးရုံ၌ပြုလုပ်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ထောက်ပံ့ငွေ နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများလှူဒါန်းပွဲသို့တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အမ်းမြို့နယ် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ထောက်ပံ့ငွေကျပ်သိန်း(၂၀)ကိုလည်းကောင်း၊ အမ်းမြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် ငွေကျပ်သိန်း(၁၀၀)ကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် လက်သန့်ဆေးရည်များကို လည်းကောင်း ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ကျော်မိုး၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်းမြို့၊ အေးရိပ်သုခ အောက်ဆီဂျင် စက်ရုံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး အမ်းမြို့ အမှတ်(၂) တပ်မတော် ခုတင်(၃၀၀) ဆံ့ဆေးရုံ၌ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဆေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား သို့တက်ရောက်သည်။ ရှေးဦးစွာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာ အောင်ကျော်မင်းက အမှတ်(၂)တပ်မတော်ဆေးရုံခုတင် (၃၀၀)အတွက် ထောက်ပံ့ငွေကျပ် ၁၀၂ သိန်းနှင့်ဆေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ခုတင်(၃၀၀) ခေတ္တတပ်မှူး ဒုတိယဗိုလ်မှူးကြီး မင်းဦးက လက်ခံရယူပြီး ဒုတိယဗိုလ်မှူးကြီး မင်းဦးက ဆေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေး အပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်မတော်ဆေးရုံခုတင်(၃၀၀)တွင် တက်ရောက် ဆေးကုသမှု ခံယူနေကြသည့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးစကား ပြောကြား ကြကာ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အမ်းမြို့မှ ကျောက်ဖြူမြို့သို့ သွားရောက်ကြပြီး ကျောက်ဖြူခရိုင်၊ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျောက်ဖြူခရိုင်၊ ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများသို့ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ငွေကျပ် သိန်း(၂၀) ကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ် သည့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့် လက်သန့်ဆေးရည်များကို လည်းကောင်းပေးအပ်ရာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲလွင်မောင်က လက်ခံရယူပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူခရိုင်ပြည်သူ့ ဆေးရုံကြီး အတွင်းရှိ အထူးကြပ်မတ်ကုသဆောင်နှင့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုတို့ကို လှည့် လည်ကြည့်ရှုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့ ငလေပွေ့ ဆိပ်ကမ်းအနီး ရမ္မာဝတီဆိပ်ကမ်းတည်ဆောက်နေမှုအားကောင်း၊ ကျောက်ဖြူမြို့နယ် ဂုံးချွိန်အုပ်စု၊ ဂုံးချွိန်ကျေးရွာတွင် လယ်ယာမြေအထူးအထွက်တိုး စပါးစမ်းသပ်စိုက်ခင်းအားလည်းကောင်း၊ Kyauk phyu Electric Power Co.,Ltd မှ ၁၃၅ ကေဗွီအေလျှပ်စစ် ဓာတ်အားပေး စက်ရုံတည်ဆောက်နေမှု အားလည်းကောင်း သွားရောက် ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

တင်ထွန်း