မြောက်ဦးမြို့ ကရုဏာလှိုင်းသွေးအလှူရှင်များအသင်းသို့ အရေးပေါ် လူနာတင်ယာဉ် (၂)စီး လှူဒါန်း

မြောက်ဦး စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက် ဒေသနေ မိဘပြည်သူများ၏ ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေများတွင် ကူညီဆောင် ရွက်နိုင်ရန်အတွက် ကရုဏာလှိုင်းသွေးအလှူရှင်များအသင်းသို့ အရေးပေါ်လူနာတင်ယာဉ် (၂)စီး လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်၊ ကရုဏာလှိုင်း သွေးအလှူရှင်များအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အရေးပေါ်လူနာတင်ယာဉ်(၂)စီးလှူဒါန်းပွဲအခမ်းအနားတွင် မြောက်ဦးမြို့ ကရုဏာလှိုင်း သွေးအလှူရှင်များအသင်းရုံး၌ အလှူရှင်မိသားစုဝင်များဖြစ်သည့် မြောက်ဦးမြို့ တောင်ရပ် ရပ်ကွက်မှ အလှူရှင် ဦးအောင်လှထွန်း၊ ဇနီးဒေါ်မသာနှင်း(ဆေးဆိုင်) သမီး မအေးအေးနွယ်၊ မဆုမွန်ထွန်း မိသားစုဝင်များမှ အရေးပေါ်လူနာတင်ယာဉ်(၁)စီးနှင့် ထမ္မရာဇ်ရပ်ကွက်မှ အလှူရှင် ဦးကျော်သိန်းလှိုင်၊ ဇနီးဒေါ်ခင်နှင်းဖြူ (သာလီစွ ဆီဆိုင်) သားမောင်သန်းဇော်ဦး မိသားစုဝင်များမှ အရေးပေါ်လူနာတင်ယာဉ်(၁)စီး စုစုပေါင်းအရေးပေါ်လူနာတင်ယာဉ်(၂)စီးအား ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းထံ လွှဲပြောင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြောက်ဦးမြို့ ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း ဥက္ကဋ္ဌမှ မြောက်ဦးမြို့နယ်အတွင်း လိုအပ်လျက်ရှိသော အရေးပေါ်လူနာတင်ယာဉ် (၂)စီးအား စိတ်အား ထက်သန်စွာဖြင့် လာရောက်လှူဒါန်းပေးသည့်အတွက် စေတနာရှင်အလှူရှင်မိသားစုဝင်များအား ကျွန်တော်တို့ ကရုဏာလှိုင်းသွေးအလှူရှင်များအသင်းကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းပေးကြသော အလှူရှင်မိသားစုဝင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှအတန်းပေးဝေခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း