ပွင့်ဖြူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့က တစ်ရက်လျှင် ၄၀ လီတာအိုး အလုံးရေ ၁၂၀ ထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက် လျက်ရှိရာ အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းအတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းကြသော မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က ကိုဗစ်-၁၉ကာလ မြို့နယ်အတွင်းရှိ ပိုးတွေ့အတည်ပြု လူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက် အခက်အခဲမဖြစ်စေရေးအတွက် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင် စက်ရုံအတွက် ယခုကဲ့သို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ တာဝန်သိပြည်သူများက အလှူငွေများ စုပေါင်းထည့်ဝင် လှူဒါန်းပေးမှုအတွက် မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းပေးသည့် ရပ်ကွက်/ကျေးရွာ အုပ်စုများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု (၃၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးများက အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် အလှူငွေကျပ် ၁၉၁၁၄၂၅၀ အား ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က လက်ခံရယူခဲ့ပြီး အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည် ဖြစ်ကြောင်း၊ ယင်းအောက်ဆီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ်သိန်း ၉၀၀ ကျော် ရှိကြောင်း၊ လိုအပ်သော စက်ရုံတည်ဆောက်ခြင်းနှင့် အခြားစပ်ဆက် လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်း အတွက် ခန့်မှန်းကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အောက်ဆီဂျင် စက်ရုံတည်ဆောက် နေမှုလုပ်ငန်းမှာ ၈၅ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့မှ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးအောင်မျိုးဆက်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)