တောင်တွင်းကြီးမြို့နယ်တွင် ရွေ့လျားယာဉ်ဖြင့် ကျေးရွာများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၁၃

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်‌‌ရေးအတွက် ပူးပေါင်းအဖွဲ့က ရွေ့လျားယာဉ်ဖြင့် အခမဲ့ ကိုဗစ်-၁၉ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အတွင်းရှိကျေးရွာများမှ ဒေသခံ ကျေးလက် နေပြည်သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေရေး RDT ( Test Kits ) ဖြင့် ရောဂါရှာဖွေ စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရွေ့လျားစစ်ဆေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးရာသို့ ကျေးရွာများရှိ အနံ့မရှိသူနှင့် ဖျားနာနေသူ (၁၆၂)ဦး လာရောက်စစ်ဆေးမှုခံယူခဲ့ရာ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ရောဂါပိုးရှိ /မရှိ RDT ( Test Kits ) ဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ (၄၇)ဦး ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၁၁၅)ဦးမှာ ရောဂါပိုးမတွေ့ရှိရကြောင်း သိရပြီး ပိုးတွေ့လူနာ(၄၇)ဦးအား မြို့နယ်ပြည်သူ့ ဆေးရုံသို့ဆေးဝါးကုသမူခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ကျေး ရွာနေပြည်သူများအား ရွေ့လျား ယာဉ်ဖြင့် ရောဂါရှာဖွေ စစ်ဆေးဆောင်ရွက်ပေးနေမှုအား ယမန် နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ်အား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ရွေ့လျား စစ်ဆေးရေး ယာဉ်ဖြင့်ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ် ဆေးပေးခြင်းလုပ်ငန်းကို ကျန်ရှိသည့်ကျေးရွာများကိုလည်း ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးလိုသော ပြည်သူများ အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ လာရောက်စစ်ဆေးမှုခံ ယူနိုင်ကြောင်း သိရသည်။

 

နိုင်ဝင်း