ငဖဲ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ သာသနာ့နွယ်ဝင် ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ဦးတည်အုပ်စုတွင် ပါဝင်သူများအား သြဂုတ်လ ၂၉ ရက်နေ့မှစတင် ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး ထိုးနှံပြီးသူ(၃၈၇၅)ဦး ရှိပြီဖြစ်ကြောင်း ငဖဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်၏ ဦးဆောင် ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်နေရာ (၃)နေရာနှင့် ကျေးရွာအုပ်စုများ အရောက် မိုဘိုင်းကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိသည်။
ငဖဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၁ ယောက်ထိုးဆေးလုံးရေ (၅၀၀)နှင့် (၅)ယောက်ထိုး ဆေးလုံးရေ(၇၂၀) လူဦးရေ(၃၆၀၀)ဦးအတွက်ရရှိပြီး စုစုပေါင်း လူဦးရေ (၄၁၀၀)ဦးကို ထိုးနှံရမည်ဖြစ်ရာ ယနေ့လက်ရှိအချိန်အထိ ကာကွယ်ဆေးထိုးနှံပေးပြီးသူ (၃၈၇၅)ဦးနှင့် ၅ ယောက်ထိုး ဆေးလုံးရေ (၆၇၅)လုံးကို အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။
မယု (ငဖဲ)