ကိုဗစ်-၁၉အလွန် လေ့လာလည်ပတ်စရာ ဒေသတစ်ခုဖြစ်လာနိုင်သည့် ‌‌ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်း

မင်းဘူး စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းသည် မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ လက်အောက်တွင် တည်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ဖွင့်လှစ်ကာ ဧက ၇၀၀ ကျယ်ဝန်း၍ ပန်းတောင်း-ပျော်ဘွယ်ကြိုးပြင် ကာကွယ်တောတွင် တည်ရှိကြောင်း မင်းဘူးခရိုင် သစ်ထုတ်ရေး လ/ထမန်နေဂျာ ဦးလှသန်းထံမှ သိရသည်။

ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းသည် ဆင်ထိန်သိမ်း စောင့်ရှောက်ရေးကို အခြေခံ၍ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော Community Base Tourism လုပ်ငန်းများ ထွန်းကားလာစေရန်၊ ဆင်များ၏ အလေ့အထ အမူအကျင့်နှင့် နေထိုင်မှု သဘာဝများအား သိရှိ နားလည်ပြီး ဆင်များအပေါ် ချစ်ခင်မြတ်နိုး တတ်စေရန်၊ Ecotourism ဖွင့်လှစ်တည်ထောင်ခြင်းဖြင့် မြန်မာ့ သဘာဝ တောတောင်ရေမြေ၏ အလှအပ တရားများကို ခံစားတတ်လာပြီး ထိန်းသိမ်းစောင့်ရှောက် လိုစိတ်များ ပေါ်ပေါက်လာကာ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးကို အထာက်အကူ ဖြစ်စေရန်၊ အစိမ်းရောင် စီးပွားရေးလုပ်ငန်းဖြင့် နိုင်ငံတော်အတွက် ဝင်ငွေရရှိစေရန် စသောရည်ရွယ် ချက်များဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရွှေစက်တော် မန်းချောင်း အပန်းဖြေ ဆင်စခန်းမှာ ရွှေစက်တော် ဘုရားမှ ၂ မိုင်သာ ဝေးသောကြောင့် စက်တော်ရာ ပါဒခြေတော်ရာ နှစ်ဆူကို ဖူးပြီးပါက ဆင်စခန်းမှ ဆင်များစီးပြီး မန်းချောင်း တစ်လျှောက် တောတောင်ရေမြေ လျှိုမြောင် စိမ့်စမ်းနှင့် သဘာဝ အလှအပ တရားများကို ကြည့်ရှုခံစားရင်း မိမိတို့၏ လုပ်ငန်းခွင်များမှ ပင်ပန်းမှုများကို အတိုးချအနားယူ အပန်းဖြေနိုင်ပါသည်။ ဆင်စခန်းတွင် ဆင်အကောင်ရေ ၁၁ ကောင်ရှိပြီး ဆင်စီးခ နှုန်းထားများမှာ နိုင်ငံခြားသား ၁၀၀၀၀ ကျပ်နှင့် နိုင်ငံသား ၅၀၀၀ ကျပ်တိုဖြင့် စီးကြရပြီး ယခင်နှစ်များက ရွှေစက်တော် ဘုရားဖူးကာလဖြစ်သော တပို့တွဲ လဆန်းမှ နှစ်ဆန်း ၁ ရက်နေ့အထိ သုံးလတာ ကာလများတွင်သာ အနယ်နယ် အရပ်ရပ်မှ ဘုရားလာရောက် ဖူးသူများနှင့် လာရောက် လည်ပတ်သူများကြောင်း သိရသည်။

မန်းချောင်း အပန်းဖြေ ဆင်စခန်းသည် မင်းဘူး(စကု)မြို့နယ်တွင် တည်ရှိပြီး ရေမီးအစုံဖြင့် တည်းခို စရာ ဘန်ဂလိုများတွင် တည်းခိုနားနေနိုင်သည့် အပန်းဖြေစရာ အထင်ကရ နေရာတစ်ခု ဖြစ်သောကြောင့် ကိုဗစ်-၁၉ အလွန်ကာလများတွင် ကြည်လင်အေးမြသော မန်းချာင်းရေကိုချိုး၍ တောတောင်ရေမြေနှင့် သဘာဝ အလှအပ တရားများကို ခံစားကာ ဆင်စီး၍ အပန်းဖြေလိုရင်ဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းသည် ကိုဗစ်-၁၉ အလွန် ကာလများတွင် နိုင်ငံတကာ ခရီးသွားများ လေ့လာလည်ပတ်စရာ ဒေသတစ်ခု ဖြစ်လာနိုင်တော့မည် ဖြစ်ပေတော့သည်။

ဇေယျာထက် (မင်းဘူး)