အထက်မင်းလှ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အပ္ပမာဒနာရေးကူညီမှုအသင်းက စေတနာ့ ဝန်ထမ်းများနှင့် Volunteers များအား ဂုဏ်ပြုအမှတ်တရ လက်ဆောင် ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင် နှင့် အပ္ပမာဒနာရေး ကူညီမှုအသင်းနာယက ဒေါက်တာအောင်မြင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးတို့က အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အပ္ပမာဒနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးရဲလွင်က ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းတွင် မြို့နယ်အတွင်းရှိ ရောဂါကူးစက်ခံရသူလူနာများအတွက် အောက်ဆီဂျင် လုံလောက်မှုရှိစေရန် အပ္ပမာဒနာရေး ကူညီမှုအသင်းမှ စေတနာ့ဝန်ထမ်းများ၊ Volunteers များက မကွေးမြို့နယ်၊ ကမ္ဘာကျော်စက်ရုံတွင် အောက်ဆီဂျင်သွားရောက် ဖြည့်ဆည်း ဆောင်ရွက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ Positive Centre များနှင့် မကွေးတိုင်းဆေးရုံကြီးသို့ ပို့ဆောင်ပေးမှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးသူများအား မီးသဂြိုလ်စက်တွင် မီးသဂြိုလ်နိုင်ရန်အတွက် ပရဟိတ အဖွဲ့ဝင်များက အခမဲ့ကူညီ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြေကြားခဲ့ပြီး မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ တတိယလှိုင်း တွင် ရောဂါကူးစက်ခံရသူလူနာများအား ကူညီဆောင်ရွက် ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်း၊ Volunteers ၂၂ ဦးအား အပ္ပမာဒနာရေး ကူညီမှုအသင်းမှ ပေးအပ်သော ဂုဏ်ပြုအမှတ်တရ လက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
မင်းလှမြို့နယ် အပ္ပမာဒနာရေးကူညီမှုအသင်း အနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူ လူနာများမှ အောက်ဆီဂျင်ပေးရန် လိုအပ်သည့် လူနာများအတွက် အောက်ဆီဂျင် အရည်ဖြည့်ဆည်း လှူဒါန်းပေးခဲ့ရာ ဇူလိုင်လဆန်းပိုင်းမှ ယနေ့အထိ ၄၀ လီတာ အောက်ဆီဂျင် အရည်အိုး ၃၂၉ လုံးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ အခမဲ့ပေးပို့ လှူဒါန်းခဲ့ကြောင်း မြို့နယ်အပ္ပမာဒ နာရေးကူညီမှု အသင်းဥက္ကဋ္ဌထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)